
မြန်မာလူကျော် ၁၀၀
စာရေးသူ - မောင်ဇေယျာ
အကျဉ်းချုပ်
မြန်မာလူကျော် ၁ဝဝ တွင် ၂ဝ ရာစု မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက် ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ အစရှိသော နယ်ပယ်အသီးသီးမှ ထင်ရှားသည့် ပုဂ္ဂိုလ်ကျော်တစ်ရာတို့၏ အတ္ထုပ္ပတ္တိကို အတ္ထုပ္ပတ္တိ အဘိဓာန် (Biographical Dictionary) ပုံစံအသင့် သုံး ရည်ညွှန်းစာအုပ် (Ready Reference) အဖြစ် ရည်ရွယ်ပြုစုခဲ့ပါသည်။
ပုဂ္ဂိုလ်ကျော်တစ်ဦး၏ အတ္ထုပ္ပတ္တိ ရေးသားရာတွင် အရေးခံပုဂ္ဂိုလ်၏ အရေးပါသည့် အချက်အလက် ပြည့်စုံရေး၊ အထောက်အထားခိုင်မာရေးကို ဦးစားပေး၍ ရှင်းလင်းပြေပြစ် ကျစ်လျစ်သော အရေးအသားမျိုးဖြစ်ရန် ကြိုးပမ်း ခဲ့ပါသည်။ သို့သော် ပုဂ္ဂိုလ်ကျော်တို့၏ အတ္ထုပ္ပတ္တိကို လစဉ်ထုတ် စံပယ်ဖြူ၊ စတိုင်သစ်၊ မိုးဂျာနယ်၊ ရွက်နုဝေ၊ Wave၊ ရနံ့သစ်၊ ခေတ်ဆန်း၊ ပြည်သူ ့ခေတ် ဂျာနယ် စသည်များတွင် ရေးသားခဲ့ရာ ရေးဟန်ပိုင်း၌ အဘိဓာန်ရေးဟန်မှ ရုပ်ပုံလွှာ (profile) ရေးဟန်သို့ ပြောင်းလဲ ရေးသားခဲ့ပါသည်။ သို့သော် မူလ ရည်ရွယ်ချက် မပျက်စေရန် အတတ်နိုင်သုံး ထိန်းသိမ်းရေးသားခဲ့သည်။
မြန်မာလူကျော် ၁ဝဝ ကို Who's Who အဘိဓာန်တစ်မျိုးဖြစ်သော Who was Whoခေါ် ကွယ်လွန်ပြီး ပုဂ္ဂိုလ်ကျော်များကိုသာ ရွေးချယ်ပြုစုထား ပါသည်။ ပုဂ္ဂိုလ်ကျော်ရွေးချယ်ရာ၌ အရွေးချယ်ခံပုဂ္ဂိုလ်၏ သက်ဆိုင်ရာ နယ် ပယ်တွင် ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်မှု၊ သြဇာကြီးမားမှုတို့ကို စံအဖြစ် သတ်မှတ်ပါသည်။ ထို့ကြောင့် မြန်မာလူကျော် ၁ဝဝ စာအုပ်ပါ ပုဂ္ဂိုလ်ကျော်အချို့ နှင် ပတ်သက်၍ စာဖတ်သူူ နေဖြင့် စာရေးသူနှင့် သဘောထား ချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်နိုင်ပါလိမ့်မည်။ အကယ်၍ သဘောထားချင်း မတိုက်ဆိုင်ခဲ့သော် နားလည်နိုင်ပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။ တစ်ဖန် နှစ် ၁ဝဝ အတွင်းမှ ပုဂ္ဂိုလ်ကျော်တစ်ရာကိုသာ ရွေးချယ်ရသဖြင့် အချို့ပုဂ္ဂိုလ် ကျော်များကို ချန်ရစ်ခဲ့ရပါသည်။ သာဓကပြရသော် စာပေနယ်တွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၊ ပီမိုးနင်း။ နိုင်ငံရေးတွင် ဆရာစံ၊ သခင်ဖိုးလှကြီး၊ သခင် လေးမောင်၊ ဝိဓူရသခင်ချစ်မောင်။ စီးပွားရေးတွင် ဟင်္သာတ ဦးမြ။ လူမှုရေးတွင် ဒေါ်ဦးဇွန်း၊ ဒေါ်တီတီလုစ်။ အနုပညာတွင် ဦးဖိုးစိန်၊ ဦးဘဉာဏ် စသည်တို့ ဖြစ်ပါသည်။