
ကျွန်မဖတ်ခဲ့သော စာအုပ်များ
စာရေးသူ - ဂျူး
အကျဉ်းချုပ်
စာရေးဆရာမ ဂျူး၏ "ကျွန်မဖတ်ခဲ့သော စာအုပ်များ" သည် သူမ၏ ကလေးဘဝမှစ၍ စာပေနှင့် ထိတွေ့ကြီးပြင်းလာပုံ၊ စာအုပ်များက သူမ၏ စရိုက်နှင့် အတွေးအခေါ်အပေါ် မည်သို့ လွှမ်းမိုးခဲ့ပုံတို့ကို ရိုးရှင်းပွင့်လင်းစွာ မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ စာရေးဆရာမသည် ငယ်စဉ်က အားကစားထက် စာဖတ်ခြင်းကို ပိုမိုမြတ်နိုးခဲ့ပြီး ဓူဝံ၏ "မာလာ" ဝတ္ထုမှတစ်ဆင့် ဝတ္ထုရသကို စတင်ခံစားတတ်ခဲ့ကာ နောက်ပိုင်းတွင် တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေးနှင့် ခင်ဆွေဦး စသည့် မြန်မာစာရေးဆရာပေါင်းများစွာ၏ လက်ရာများကို ဖတ်ရှုရင်း စာရေးဆရာဖြစ်ရန် ဝါသနာနှင့် ရည်မှန်းချက်များ စတင်ကိန်းအောင်းလာခဲ့သည်။ ဤစာအုပ်တွင် မြန်မာဝတ္ထုများသာမက ကမ္ဘာကျော် ဘာသာပြန်ဝတ္ထုများ၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နှင့် တရုတ်စာရေးဆရာများ၏ လက်ရာများ၊ ပြဇာတ်များအကြောင်းကိုပါ အခန်းလိုက် ခွဲခြားတင်ပြထားသည်။ စာဖတ်သူအနေဖြင့် စာရေးဆရာမ ဂျူး၏ ကိုယ်ပိုင်ခံစားချက်များနှင့်အတူ ထိုခေတ်ကာလက ထင်ရှားခဲ့သော စာပေလက်ရာများ၏ အနှစ်သာရ၊ ဇာတ်ကောင်စရိုက်များအပေါ် ဝေဖန်ဆန်းစစ်ချက်များကိုပါ တစ်ပါတည်း လေ့လာနိုင်မည်ဖြစ်သည်။
"ဘယ်စာရေးဆရာ အကြိုက်ဆုံးလံဟု မေးလာတိုင်း ကျွန်မ ဖြေရခက်တတ်ပါသည်။ ကျွန်မသည် စာမျိုးစုံကို တတ်နိုင်သမျှ ဖတ်သူဖြစ်သည်။ အကြိုက်ကလဲ အမျိုးစုံပါသည်။ စာရေးဆရာများကလည်း အမျိုးစုံလှသည်မဟုတ်လား။ အင်္ဂလိပ်စာရေးဆရာများ၊ အမေရိကန်စာရေးဆရာများ၊ ပြင်သစ်စာရေးဆရာများ၊ ရုရှားစာရေးဆရာများ၊ ဂျာမန်စာရေးဆရာများ၊ သူတို့အားလုံး ကမ္ဘာကျော်စာရေးဆရာများချည်း ဖြစ်သည်။ စာအုပ်တွေဖတ်တိုင်း ဝတ္ထုရေးချင်စိတ်နှင့် ဝတ္ထုရေးရမှာ ကြောက်သောစိတ်သည် အမြဲတွဲနေတတ်၏။ ဝတ္ထုရေးချင်စိတ်မှာ အားကျစိတ်ကို အခြေခံပြီး ရေးရမှာကြောက်သောစိတ်မှာ ရှက်ရွံ့အားငယ်စိတ်ကို အခြေခံပါသည်။ စာရေးသူတိုင်းသည် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနေသူများဖြစ်သောကြောင့် တာဝန် အလွန်ကြီးပါသည်။ ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့် ရင်းရမည်။ ထိုဂုဏ်သိက္ခာကိုလည်း ကျွန်မတို့ဖတ်သောစာအုပ်များက ပေးအပ်ပါလိမ့်မည်။"
စာမျက်နှာ
407
ပုံစံ
Paperback
ထုတ်ဝေသူ
ဂျူးစာပေ
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား