
သပြေညိုနှင့် အခြားကဗျာများ
စာရေးသူ - မင်းသုဝဏ်
အကျဉ်းချုပ်
ကဗျာဆရာနှင့် စာဆို၊ ခြားချင်တိုင်း ခြားလေစွ။ စာတတ်သူ၊ ကဗျာစပ်နည်း တတ်သူတိုင်း ကဗျာ ဆရာဖြစ်နိုင်သည်။ သို့ရာတွင် ပင်ကိုစာဆိုဉာဏ်ပါအောင် ဖွဲ့ဆိုနိုင်သူမှသာ စာဆိုဖြစ်နိုင်သည်။
စာကိုသင်ယူလျှင် တတ်သည်။ ကဗျာစပ်နည်းကို လည်း သင်ယူလျှင် တတ်သည်။ ဝမ်းတွင်းပါ စာဆိုဉာဏ် ကိုကား သင်ယူ၍ တတ်ဖို့ဝေးစွ၊ သင်ယူ၍ပင် မရ။
ထို့ကြောင့် စာတတ်သူ၊ ကဗျာစပ်နည်းတတ်သူ ပေါသလောက် ကဗျာဆရာ ပေါနိုင်သည်။ စာဆိုကိုကား တစ်ခေတ်တစ်ခါသာ ကြုံတွေ့ရတတ်သည်။
ကံကောင်းသော မြန်မာနိုင်ငံတွင် ယခုအခါ “မင်းသုဝဏ်” ကလောင်ဘွဲ ့ဖြင့် ကဗျာဖွဲ ့ဆိုလေ့ရှိသော စာဆိုသည် ထွန်းကားလျက် ရှိလေပြီ။ ရှေးဦးစွာ “မင်းသုဝဏ်” သည် ရန်ကုန်တက္ကသိုလ် ကျောင်းစက်ဝန်း၌ ထင်ရှား၏။ ထို စက်ဝန်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာရာ၊ ယခုအခါ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်လွန်အံ့ဆဲဆဲ အခြေသို့ပင် ရောက်နေပြီ။
ကျွန်ုပ်တို့သည် လွန်ခဲ့သော ၁ဝ နှစ်လောက်ကစ၍ ယနေ့တိုင် “မင်းသုဝဏ်” ဖွဲ့ဆိုသော ကဗျာတို့ကို မဂ္ဂဇင်းများ ၌လည်းကောင်း၊ “ခေတ်စမ်းကဗျာ” စာစောင်၌လည်း ကောင်း၊ ထို့နောက် မင်းသုဝဏ် ဘိလပ်သို့ စာသင်သွားခါနီး ထုတ်ဝေသော “မင်းသုဝဏ် စာစောင်”၌လည်းကောင်း ဖတ် ရပေါင်းများလှပြီ။ သို့ရာတွင် “မင်းသုဝဏ်”၏ ကြွယ်ဝသော စာဆိုဉာဏ်ကို ငုံမိလောက်အောင် ယနေ့အထိ သူဖွဲ့ဆိုသော ကဗျာအပေါင်းမှ ကောင်းနိုးရာရာ ရွေးချယ်လျက် တစ်ရုံး တစ်စည်းတည်း ရိုက်နှိပ်ထားသော စာတစ်စောင်တစ်ဖွဲ့ဟူ၍ မထုတ်ဝေခဲ့ဖူးသေးချေ။
ထို့ကြောင့် လိုနေသေးသော ဤအချက်ကို ဖြည့်စွက် သည့်အနေနှင့်၊ ကျွန်ုပ်တို့သည် ဤစာစောင်ကို စီမံ ပုံနှိပ် ထုတ်ဝေလိုက်ပေသည်။
ပုထုဇဉ်တို့မည်သည် ကျင်လည်ရာ ဖြစ်သော လူ့ဘုံ၏ ဓမ္မတာဓလေ့နှင့် မကင်းနိုင်၊ သို့ မကင်းနိုင်သည့်အားလျော် စွာ၊ အပူနှင့် ကြုံသည့်အခါ အပူသဘော သက်ဝင်သော ပူ ဆွေးတတ်၊ စိုးရိမ်တတ်၊ စိတ်အား ပျက်တတ်သော စိတ် စေတနာတို့သည် ဖြစ်ပေါ်လာတတ်ကြသည်။ တစ်ဖန် အအေးနှင့် ကြုံသည့်အခါမှာလည်း အအေးသဘော သက်ဝင်သော ဝမ်းမြောက်တတ်၊ ကြည်ရွှင်တတ်၊ ရဲရင့် တတ်သော စိတ်စေတနာတို့သည် ဖြစ်ပေါ်လာတတ်ကြ ရပြန်သည်။