
မြန်မာရာမအဖွင့်
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
မြန်မာရာမအဖွင့်
ဤ ရာမဆောင်းပါး အများစုကို ဆရာဇော်ဂျီ တက္ကသိုလ် စာကြည့် တိုက်မှူးအဖြစ်မှ အငြိမ်းစားယူပြီး ၁၉၈၁ မှ ၁၉၈၆ ခုနှစ်အတွင်း ရေးသား ခဲ့ပါသည်။ ဆရာဇော်ဂျီသည် စာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစားယူ သော်လည်း ပညာရေးဝန်ကြီးဌာန၏ အထူးအရာရှိ (၁)၊ မြန်မာသမိုင်း အဖွဲ့၏ဥက္ကဋ္ဌ၊ နိုင်ငံသမိုင်းသုတေသနဦးစီးဌာန၏ အကြီးအကဲနှင့် ယဉ် ကျေးမှုအနုပညာဦးစီးဌာနတွင်လည်း ရာမကဇာတ်အတွက် အတိုင်ပင်ခံ အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရာ ထိုအချိန်က ဆရာ့အတွက် စာကြည့် တိုက်တွင် သီးသန့်အခန်းတစ်ခန်း စီစဉ်ပေးထားပြီး ဆရာ့ကို အခြားဌာန များသို့ ပြောင်းပြီး ရုံးမထိုင်ဖို့၊ စာကြည့်တိုက်မှာပဲ ရုံးထိုင်ဖို့ ကျွန်တော်တို့ ဝိုင်း၍ မေတ္တာရပ်ခံကြ၍ ဆရာကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပါ သည်။ ဆရာ ရာမဇာတ်အကြောင်း ရေးသားနေစဉ်က ဆရာ လိုအပ်သည့် စာအထောက်အထားများကို ပြည်တွင်းပြည်ပမှ ရှာဖွေ စုဆောင်းပေးနိုင်ခဲ့ ပါသည်။ လစဉ် မဂ္ဂဇင်းများတွင် ဆရာ့ ရာမဆောင်းပါးများ ဖော်ပြစဉ်က စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြပါသည်။ အမှန်ပြောရမည်ဆိုလျှင် ဆရာ ကွယ်လွန်ပြီး၊ ဆရာဇော်ဂျီ စာပေါင်းချုပ် အတွဲ (၁) တွင် ဆရာ့ ရာမ ဆောင်းပါးများ အားလုံးကို စုပေါင်းပြီး စတင်ပုံနှိပ်နိုင်သည့်အခါကျမှ အားလုံး တစုတစည်းတည်း ဖတ်ရှုနိုင်ပြီး၊ မြန်မာရာမနှင့် ပတ်သက်၍ ဆရာ မည်မျှ ထောင့်စုံ လေ့လာမှတ်သား ရေးသားခဲ့သည်ကို အထူး တန်ဖိုး ထားမိပါသည်။ ဆရာရေးသည့် ‘မြန်မာရာမအဖွင့်” စာတမ်းရှည်ကြီး (မဂ္ဂဇင်းဆိုက်၊ စာမျက်နှာ ၅ဝ ကျော်) မူလက စံပယ်ဖြူမဂ္ဂဇင်းတွင် ၁၉၈၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ဖော်ပြခဲ့သော အခန်းဆက် ဆောင်းပါး ၇ ပုဒ်ကို ဖတ်ရှုလျှင်ပင် ဆရာ မည်မျှ အားထုတ် သုတေသနပြုခဲ့ကြောင်း ပေါ်လွင် ထင်ရှားပါသည်။
ထို့အပြင် မြန်မာ ရာမဇာတ်ခင်းပုံနှင့် တေးဂီတ”၊ “သီတာဒေဝီ၏ သစ္စာနှင့် သတ္တိ၊ ‘မြန်မာရာမမှ အားကျစရာ”အစရှိသည့် ဆောင်းပါးများ ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်ပြီး ဗဟုသုတများစွာ တိုးပွား နိုင်ကြပါသည်။
ယခု ၂ဝဝ၅ ခုနှစ်သည် ဆရာဇော်ဂျီ ကွယ်လွန်သည့် ၁၅ နှစ်မြောက်ဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် ဆရာဇော်ဂျီ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ကျင်းပနိုင်ရန် ကြိုးပမ်းနေကြပါသည်။ ပုဂံစာအုပ်တိုက်က ဆရာဇော်ဂျီ၏ ရာမဇာတ် ဆောင်းပါးများကို ဆရာဇော်ဂျီ အမှတ်တရ ထုတ်ဝေနိုင်သည့် အတွက် စီစဉ်သူ၊ ထုတ်ဝေသူတို့ကို များစွာ ကျေးဇူးတင်ပါသည်။