
မျှဝေလိုသောအတွေးများ (၇)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
“မျှဝေလိုသောအတွေးများ” စာအုပ်တွေ ရေးလာခဲ့တာ ဒီစာအုပ် ဟာ ၇ အုပ်မြောက်ပါ။ အရင် မျှဝေလိုသောအတွေးများ (အမှတ် ၁ မှ ၆ အထိ) စာအုပ်တွေလိုပဲ ဒီစာအုပ်မှာ အင်တာနက်မှာဖတ်ရတဲ့ အကြောင်း အရာတွေကို ဘာသာပြန်ပေးထားပါတယ်။
အခုလို ၇ အုပ်မြောက်စာအုပ်အထိ ရေးဖြစ်အောင် စာဖတ်သူတွေ ဘာကြောင့် အားပေးဖတ်ရှုကြတာလဲဆိုတာ စဉ်းစားကြည့်မိတယ်။ အားပေးဖတ်ရှုရတဲ့ အကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူကြ မှာမဟုတ်ပေမယ့် ခုလိုအကြောင်းတွေကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။
၁။ မျှဝေလိုသောအတွေးများ စာအုပ်မှာပါတဲ့ အကြောင်းအရာ တချို့ဟာ လူတွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်၊ အခက်အခဲဒုက္ခနဲ့ ရင်ဆိုင်ရင် စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားခြင်း စတာတွေပါ။ အဲဒီ အကြောင်းတွေဖတ်ပြီး ဖတ်ရသူမှာ စိတ်ဓာတ်တက်ရတယ်။ အဲဒီအကြောင်း အရာထဲက လူတွေကို အားကျပြီး အတူယူမိတယ်။
၂။ စာအုပ်ထဲမှာပါတဲ့ လူတွေရဲ့ မိတ်ဆွေ၊ မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ကျေးဇူးတင်ခြင်း စတဲ့ အရာတွေ ခံစားရတယ်။ သူတစ်ပါးကို ကိုယ်ချင်းစာနာစိတ် ဖြစ်လာတယ်။
၃။ ဘဝဆိုတာ roller-coaster ရိုလာကိုစတာ စီးရသလိုပဲ တက်လိုက်ကျလိုက်၊ မြင့်လိုက်နိမ့်လိုက် ဖြစ်တတ်ပါတယ်။ မြင့်တဲ့နေရာ ရောက်ရင် ပျော်တယ်။ မော်ကြွားတယ်။ နိမ့်တဲ့နေရာရောက်ပြန်တော့ဝမ်းနည်းတယ်။ စိတ်ဓာတ်ကျတယ်။ အဲဒီအခြေအနေရောက်ရင် ဘာလုပ် ရမလဲ၊ ဘယ်လိုနှလုံးသွင်းရမလဲဆိုတာကို စာအုပ်ပါ အကြောင်းအရာ တွေက သတိပေးထားပါတယ်။