
လက်ရွေးစင် ရသစာတမ်း (ငယ်) များ
စာရေးသူ - တိုက်စိုး
အကျဉ်းချုပ်
စာရေးဆရာကြီး တိုက်စိုး (ဦးသန်းထွတ်) ၏ မွေးသက္ကရာဇ်အမှန် မှာ ၂ဝ-၉-၁၉၂ဝ (တနင်္လာနေ့) ဖြစ်ပါသည်။ သို့ဖြစ်၍ လာမည့် စက်တင်ဘာ လသည် ဆရာတိုက်စိုး၏ သက်တမ်း နှစ် ၁ဝဝ (ရာပြည့်နှစ်) ပင် ဖြစ်ပေ သည်။
ရန်ကုန်တက္ကသိုလ်ကြီးသည်လည်း လာမည့် ဒီဇင်ဘာလ ၇ ရက် (အင်္ဂါနေ့) တွင် တရားဝင်ဖွင့်လှစ်ခဲ့ခြင်း နှစ် ၁ဝဝ (ရာပြည့်နှစ်) ပင် ဖြစ်ပါ သည်။ သို့ဖြစ်၍ အမိရန်ကုန်တက္ကသိုလ်၏ ရာပြည့်ပွဲတော်ကြီးအတွက် ရန်ကုန် တက္ကသိုလ်ထွက် ကျောင်းသူ၊ ကျောင်းသားအပေါင်းတို့က သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုကြလိမ့်မည်သာ ဖြစ်ပါသည်။
ရာပြည့်နှစ် (နှစ် ၁ဝဝ ပြည့်) တို့မည်သည် ကြုံတောင့်ကြုံခဲ လူ့ဘဝ တာသက်တမ်းကာလများတွင် အမှတ်ထင်ထင် ဂုဏ်ပြုအပ်စရာ၊ ချီးပအမွန်း တင်အပ်စရာ၊ ဂရုပြုစရာဟုပင် ထင်မြင်ပါသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း၊ အင်္ဂလိပ်စာနည်းပြဆရာ ဟောင်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီး၏ ဝန်ထမ်းဟောင်းဖြစ်ခဲ့ဖူးသူ ဆရာကြီးဦးသန်းထွတ် (ဘီအေ၊ ဘီအယ်လ်၊ A.L.A၊ အငြိမ်းစားညွှန်ကြား ရေးမှူးချုပ်၊ မြန်မာ့သမိုင်းပညာရှင်၊ အမျိုးသားစာပေဆုရှင်၊ ဝိဇ္ဇာပညာထူးချွန် ဆုတံဆိပ် ပထမဆင့်ရရှိသူ စာရေးဆရာကြီး တိုက်စိုး) ဟူသည် အမိရန်ကုန် တက္ကသိုလ်ကျောင်းထွက် ပီသစွာ အမိရန်ကုန်တက္ကသိုလ်၏ နှစ် ၁ဝဝ ပြည့် (ရာပြည့်) နှစ်ထဲ၌ပင် သူလည်းလေ လူ့ဘဝသက်တမ်း နှစ် ၁ဝဝ (ရာပြည့်) တန်းဝင် ဖြစ်လာနေပါသည်။ရာပြည့်နှစ် (နှစ် ၁ဝဝ နှစ်) ချင်း ပြိုင်တူဖြစ်နေငြားလည်း ဆရာ တိုက်စိုး၏ မွေးနေ့သက္ကရာဇ်အမှန်အစား ဆရာဦးသန်းထွတ်၏ ဝန်ထမ်း (နိုင်ငံ တော်၏ဝန်ထမ်း) ဘဝများရှိ မွေးသက္ကရာဇ် ၂-၁-၁၉၂၂ (တနင်္လာနေ့) ကို သာ အတည်ယူခါ တရားဝင်ပြောင်းလဲခဲ့သူဖြစ်သဖြင့် ရာပြည့်နှစ် အမိ ရန်ကုန်တက္ကသိုလ်ကြီးအား ဦးစွာအမှတ်တရဖြစ်စေခြင်းငှာ နှစ် ၁ဝဝ အစ ယခုနှစ် ၂ဝ၂ဝ ဇန်နဝါရီလမှစတင်ပြီး ဆရာ့အတွက် စာအုပ်သစ်သုံး၊ လေးအုပ် ကို စီစဉ်ထုတ်ဝေ ဖြန့်ချိဖြစ်ပါမည်။ ဤစာအုပ်မှာ စာသမား တိုက်စိုး (အကြောင်းအချက် ဆရာတိုက်စိုး) ၏ နာမည်ကျော်အက်ဆေးများခေါ် ရသ စာတမ်းစာစုပါ စာအုပ်သစ်တစ်အုပ်ဖြင့် ဂုဏ်ပြုတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။