
သခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် (ထပ်မံဖြည့်စွက်ချက်များ ပါဝင်သော ဒုတိယအကြိမ်မူ)
စာရေးသူ - သခင်ကိုယ်တော်မှိူင်း
အကျဉ်းချုပ်
ဆရာတော် ရွှေကိုင်းသား တည်းဖြတ်သည့် “ဆရာကြီးသခင် ကိုယ်တော်မှိင်း၏ လေးချိုးပေါင်းချုပ်(ပထမတွဲ)”စာအုပ်ကို ပြန်လည် ပုံနှိပ်ထုတ်ဝေရန် စိတ်ကူးချိုချိုစာပေက စီစဉ်ခဲ့ပါသည်။ အစီအစဉ် တစ်ဝက်ကျော်ခန့် ခရီးပေါက်ချိန်တွင် ကူညီတည်းဖြတ်ခွင့် ရပါသည်။ မူလက ပရုပ်(ဖ်)ကူဖတ်ပေးရုံလောက်ဟု မှတ်ယူခဲ့သော်လည်း ဆရာကြီး၏ လေးချိုးကြီးများကို ပြန်လည်ဖတ်ရှုရသောအခါ စိတ်ကူး တစ်မျိုး ပေါ်လာပါသည်။ “လေးချိုးပေါင်းချုပ်(ပထမတွဲ)”တစ်အုပ် တည်းသာမက အခြား လက်လှမ်းမီရာစာအုပ်များမှ ဆရာကြီး၏ လေးချိုးများကိုပါ စုစည်းဖော်ပြနိုင်လျှင် ပိုမိုပြည့်စုံကောင်းမွန်မည်ဟု သဘောရပါသည်။ ထိုကြောင့် ကိုစန်းဦး(စိတ်ကူးချိုချို)နှင့် တိုင်ပင်ပြီး အချိန်တိုအတွင်း ရနိုင်သမျှ စာအုပ်စာတမ်းများ ရှာဖွေ၍ တိုက်ဆိုင်ညှိ နှိင်းကြည့်ခဲ့ပါသည်။
“လေးချိုးပေါင်းချုပ်(ပထမတွဲ)”တွင် အမှတ်စဉ်ထိုး ဖော်ပြချက် အရ ပုဒ်စဉ် ၁၁၈ အထိ ရှိသော်လည်း လေးချိုးမဟုတ်သည့် ဂါထာ ၃ ပုဒ်၊ တေးထပ် ၁၁ ပုဒ်နှင့် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ရေး သည့် ရှေးလေးချိုးကြီး ၁ ပုဒ်၊ ပေါင်း ၁၅ ပုဒ် ပါဝင်နေပါသည်။ ယင်းတိုကို ချန်လှပ်လျှင် ဆရာကြီး သခင်ကိုယ်တော်မှိင်း၏ လေးချိုး လက်ရာ ၁ဝ၃ ပုဒ် ရှိပါသည်။
အခြားစာအုပ်စာတမ်းများနှင့် ညှိနှိင်းတိုက်ဆိုင်ချက်အရ “ခွေးဋီကာ” စာအုပ်မှ ၅ ပုဒ် (လက်ရှိမာတိကာပါ ပုဒ်စဉ် ၁၀၄ မှ ၁ဝ၈ထိ)၊ ‘ဗိုလ်ဋီကာ”စာအုပ်မှ ၁၅ ပုဒ် (ပုဒ်စဉ် ၁ဝ၉ မှ ၁၂၃ ထိ)၊ဆရာမောင်တင်ရွှေစုစည်းပြီး ဆရာမင်းသုဝဏ် တည်းဖြတ်သည့် “သခင်ကိုယ်တော်မှိင်း လက်ရွေးစဉ်လေးချိုး ၁ဝဝ”စာအုပ်မှ ၄၈ ပုဒ် (ပုဒ်စဉ် ၁၂၄ မှ ၁၇၁ ထိ) ပေါင်း ၆၈ ပုဒ် ထပ်မံတွေ့ရှိရပါသည်။ မူလ ၁ဝ၃ ပုဒ်နှင့်ပေါင်းလျှင် စုစုပေါင်း ၁၇၁ ပုဒ် ဖြစ်ပါသည်။
သိုသော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အချိန်တိုအတွင်း ဆောင်ရွက်ရသည်ဖြစ်၍ ဆရာကြီး၏ လေးချိုးလက်ရာအပြည့်အစုံ မဟုတ်ကြောင်းဝန်ခံပါသည်။ ဆက်လက်ရှာမည့် စာအုပ်အများအပြား ကျန်ပါသေးသည်။ စုံစေ့အောင် တိုက်ဆိုင်ညှိနှိင်းပြီးနောက် ထပ်မံ တွေ့ရှိလာမည့် လေးချိုးများနှင့် တေးထပ်အပါအဝင် အခြားကဗျာ လက်ရာစုံပါဝင်သည့် “သခင်ကိုယ်တော်မှိင်းကဗျာပေါင်းချုပ်”စာအုပ် တစ်အုပ် ထုတ်ဝေဖို လိုအပ်ပါမည်။သိုမှသာ နှစ်ဆယ်ရာစု မြန်မာစာ ပေသမိုင်းနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားလှသော အမျိုးသားစာဆို သခင်ကိုယ်တော်မှိင်း၏ “လေးချိုးပေါင်းချုပ်”နှင့် “ကဗျာပေါင်းချုပ်”ကျမ်းနှစ်စောင် စုစုစည်းစည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်။