
ခရီးသည်
စာရေးသူ - ဆရာဇော်ဂျီ၊ မင်းသုဝဏ်
အကျဉ်းချုပ်
“ခရီးသည်” တွင် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ ရေးသည့် စာတမ်းများနှင့် ကဗျာများ ပါဝင်ပါသည်။ ဤစာတို့မှာ ဒုတိယကမ္ဘာစစ် ကြီး မတိုင်မီ ကာလမှ ယနေ့အထိ စာနယ်ဇင်း အမျိုးမျိုး၌ ဆရာတို့ ရေး သားခဲ့သော စာတို့မှ အချို့အဝက် ဖြစ်ပါသည်။ ဤစာတို့သည် အင်္ဂလန်၊ ဥရောပ၊ တရုတ်၊ မြန်မာနိုင်ငံတို့နှင့် ပတ်သက်သော ခရီးသွားစာများ ဖြစ် ပါသည်။ ဤစာတို့၌ အင်္ဂလန်အကြောင်း စာများ အလေးကဲနေသည်မှာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ထိုနိုင်ငံ၌ ဆရာတို့ နှစ်ဦးလုံး ပညာတော် သင်အဖြစ်ဖြင့် အနေကြာခဲ့သောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံအကြောင်း စာတို့မှာမူ ဆရာတို့၏ အခြား အခြားသော စာတို့တွင် တစ်နည်းမဟုတ် တစ်နည်း ပါခဲ့သည်သာ ဖြစ်ပါသည်။ ယခုရွေးချယ် ထည့်သွင်းသည်တို့မှာ ခရီးသွားစာပေသဘော သက်ဝင်သည်တို့သာ ဖြစ်ပါသည်။
ဤခရီးသွားစာများကို ဖတ်ရှုဆင်ခြင်ပါက ဆရာတို့၏ စေတနာ ကို မြင်နိုင်ပါသည်။ ထိုစေတနာကား အခြားမဟုတ်။ လူမျိုးမရွေး၊ ဘာသာ မရွေး၊ ဝါဒမရွေး၊ မျက်နှာမရွေး အတုယူထိုက်သည်တို့ကို ယူစေချင်သော စေတနာနှင့် လုံ့လဝီရိယ စိုက်ထုတ်လုပ်ကိုင်မှုကို အားကျစေချင်သော စေတနာတို့ ဖြစ်ပါသည်။ ထိုစေတနာတို့ကို အရင်းတည်လျက် ဆရာတို့ သည် မိမိတို့ မြင်မိ၊ တွေ့မိ၊ ကြားမိ၊ ခံစားမိသည်တို့ကို တင်ပြခဲ့ပါသည်။ ထိုစဉ်က အင်္ဂလန်နိုင်ငံသည် နယ်ချဲ့နိုင်ငံ ဖြစ်သည်ကို ဆရာတို့ သိကြသော် လည်း ထိုနိုင်ငံရှိ အတုယူထိုက်သည်တို့ကို လည်းကောင်း၊ အားကျထိုက် သည်တို့ကို လည်းကောင်း တွေ့သောအခါ၌ကား ထိုအချက်တို့ကို ဖော်ပြ ခဲ့ပါသည်။ တစ်ဖန် တရုတ်ပြည်ကဲ့သို့ ဆိုရှယ်လစ်နိုင်ငံမျိုးသို့ ရောက်၍ အတုယူ ချီးကျူးထိုက်သည်တို့ကို တွေ့သောအခါ၌လည်း ထိုအချက်တို့ကို ဖော်ပြခဲ့ပြန်ပါသည်။ လောကတွင် ဤစေတနာမျိုးသည် ထားထိုက်သော စေတနာဖြစ်သည်ဟု ယူဆမိပါသည်။
ထိုစေတနာတို့ကို အရင်းခံပြုထားသဖြင့် ဆရာတို့၏ မှတ်တမ်းများ သည် လေးစားမြတ်နိုးဖွယ်ရာ ဖြစ်နေပါသည်။ ထို့ပြင် စကားပြေ အရေး အသားအနေဖြင့်လည်း လေးစားမြတ်နိုးဖွယ်ရာ ဖြစ်ပါသည်။ ဆရာတို့၏ စာတို့မှာ ထိုဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံနေပါသည်။
ခရီးသွား စာအုပ်များ ရှားပါးနေသော မြန်မာစာပေလောကကို တစ် နည်းတစ်ဖုံ အကျိုးပြုလိုသောကြောင့်လည်းကောင်း၊ ဆရာဇော်ဂျီနှင့် ဆရာ မင်းသုဝဏ်တို့၏ အတွေ့အမြင်၊ အတွေးအခေါ်တို့ကို တင်ပြလိုသောကြောင့် လည်းကောင်း၊ စံနမူနာယူထိုက်သည့် စကားပြေ အရေးအသားမျိုးကို တင်ပြလိုသောကြောင့် လည်းကောင်း ဤ “ခရီးသည်” စာအုပ်ကို နှလုံးလှ စာပေကထုတ်ဝေရခြင်း ဖြစ်ပါသည်။