
ကိုယ်တွေ့ တရုတ်ပြည်
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
အချို့သောကမ္ဘာ့ခရီးသည်များသည် အတိုင်းတိုင်းအပြည်ပြည်ကို လှည့်လည် ကြည့်ရှုရာ၌ မူလကတည်းက ကျမ်းပြုရန် အကြံအစည်ရှိသူဖြစ်၍ ခရီး မထွက်မီက ကြိုတင်ပြင်ဆင်ခြင်း၊ ရောက်လေရာအရပ်တွင် ပိဋကတ်တိုက်၊ စာကြည့်ခန်း၊ ပြတိုက် စသည်များသို့ ဝင်ရောက်မွှေနှောက်ခြင်း၊ တွေ့သင့် တွေ့ထိုက်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စကားပြန်များ၊ လမ်းညွှန်သူ၏ အကူအညီဖြင့် ဤမှထိုမှ ထွက်ဝင်သွားလာ၍ မေးမြန်းစုံစမ်းခြင်း အစရှိသော အရေးအခွင့်များ ရရှိတတ်ကြလေသည်။
ကျွန်ုပ်မှာ သွားနေကျခရီးသည်မဟုတ်သဖြင့် အချက်အလက်ကို နားမလည်မှုများ ရှိရမည့်ပြင် ကျမ်းပြုရန် အစီအစဉ်မရှိဘဲ “သွားရင်း ဟန့်နွှဲ” ဆိုသော စကားကဲ့သို့ အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ၏ ငြိမ်း ချမ်းရေးအစည်းအဝေးကြီး တက်ခိုက်တွင် ငယ်ဆရာတစ်ဦးဖြစ်သော ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းက အတန်တန် အထပ်ထပ် တိုက်တွန်းချက် အရ ရုတ်တရက် အကြံပေါက်လာရခြင်းဖြစ်သည်တစ်ကြောင်း၊ ကွန်ဖရင့် ရက်များအတွင်း မအားလပ်သည်ကတစ်ကြောင်းကြောင့် သိမှတ်စရာတွေ ဝေဝေဆာဆာ အဖြာဖြာစုံလင်သည့် ကျမ်းကြီးကျမ်းခိုင် ဖြစ်နိုင်ရန် မျှော်လင့် ချက် မရှိပါ။ “မျက်စိတစ်လှမ်း နားတစ်ကမ်း” ဆိုလောက်သည့် ကျွန်ုပ်ရှေ့၌ မြင်ရသမျှ၊ ကြားရသမျှသောအခြင်းအရာများနှင့် ထိုကဲ့သို့ မြင်မှု၊ ကြားမှု ကြောင့် ကျွန်ုပ်၏စိတ်၌ ထိခိုက်ပုံ၊ ထိခိုက်နည်းမျှလောက်ကိုသာ တင်ပြလိုခြင်းဖြစ်ပါသည်။ တစ်နည်းဆိုသော် စာဖတ်သူကို ကျွန်ုပ်နှင့်အတူ ခေါ်သွား၍ ကျွန်ုပ် မြင်သမျှ မြင်စေခြင်း၊ ကျွန်ုပ် ကြားသမျှ ကြားစေခြင်း အပြင် ထိုကဲ့သို့ မြင်မှု၊ ကြားမှုကြောင့် ကျွန်ုပ်၏စိတ်၌ ဘယ်ကဲ့သို့ ဖြစ်ရသည်ဟူသော အခြင်းအရာကို တိုးတိုးတိတ်တိတ် ကျိတ်၍ပြောပြခြင်းမျှ လောက်သာ ဖြစ်ပါသည်။
ဤစာကို ရေးသားရာတွင် စာအုပ်၊ စာတမ်း၊ မှတ်တမ်း၊ မှတ်စု များမှ ထုတ်နုတ်ကိုးကားခြင်းမရှိ၊ ကိုယ်တွေ့တရုတ်ပြည်ဆိုသည့်အလျောက် ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့ခဲ့သည့် အစိတ်အပိုင်းနှင့် အခြင်းအရာများကို သာ ဖော်ပြခြင်းဖြစ်သောကြောင့် အခိုင်အမာ ကိုးကားလောက်သည့် ကျမ်းကြီးတစ်စောင်တစ်ဖွဲ့ ဖြစ်စေနိုင်သော မျှော်လင့်ချက်လည်း မရှိ၊ ကျွန်ုပ်ကို မသိသော စာဖတ်ပရိသတ်အတွက် စိတ်ဝင်စားဖွယ်ပင် ဖြစ် ချင်မှ ဖြစ်ပေမည်။